
ဒီရက်တွေမှာ အဆင်မပြေခဲ့ဘူး
သူစိမ်းဆန်ဆန်အတွေးတွေ
နာဖျားနေတဲံ့ ကျွန်တော့်နှလုံးသားလဲ
ခုတော့ သဂြိုင်္ဟ်ဖို့ နှုတ်ဆက်သွား
တီးလိုက်တိုင်း ခေါင်းလောင်းသံကမမြည် ( ကျွန်တော်ကပဲ မကြားတော့တာလား)
ခေါင်းစဉ်မှား တပ်မိနေတဲ့ အခိုက်အတံ့ပေါင်းများစွာ
ကျွန်တော် ပြန်ရှာမတွေ့သေးတဲ့ ဆုံးရှုံးမှု
ခုတော့လဲ ဟိုတစ်စ … ဒီတစ်စစီ
အတိတ်ကိုလဲ မတွေးချင်သူ
နံရံတွေမှာ အပေါက်တွေ မရှိပါစေနဲ့
ခဏလောက်တော့ ငြိမ်သက်…
နာကျင်မှုတွေကို သတင်းစကားတစ်ခုနဲ့ လဲလှယ်မိသူ
ကျွန်တော်ကပဲ လူလူသူသူ မဖြစ်ခဲ့တာထင်ရဲ့
ခုတိုင်းပဲ… ခုတိုင်းပဲ…
အရင်လိုပဲ နာဖျားနေရတဲ့ ရက်တွေ ရှည်…..ကြာ…..ဆဲ ။ ။
နေကောင်းလား…စားပြီးပြီလား…အဆင်ပြေလား
စကားလုံးတွေလား.. စာလုံးတွေလား
အလိုလိုထွက်ကျလာတယ်ထင်သလား
အာဂုံဆောင်ဖို့ သင်ဖူးခဲ့သလား
လေးလေးစားစားရွတ်ဖို့ ကြံစည်ဖူးသေးလား
တွဲဖက်လုပ်ကြည့်ရမှာ အပြုံးချိုချိုလေးလား
ယဉ်ယဉ်ကျေးကျေး လျှာဖျားကဆွဲထုတ်ရမှာလား
သွားမတိုက်ရသေးခင် ပါးစပ်ကျယ်ကျယ်ဟလို့ ဖြစ်ပါ့မလား
နှုတ်ခမ်းမွှေးကြီးနဲ့ရော အဆင်ပြေပါ့မလား
ဒီလိုလား…ဒီလိုလား…
ဒါဆိုရပြီလား…တကယ်လား.. ။ ။
( ကျွန်တော်မုန်းသော ကျွန်တော်အတွက်..)

မိုးလင်းည အာရုံ
ပြန့်ကြဲနေတာလား ပေပွကုန်ပြီလား အတွေးတွေ
၅ မိနစ် .. ၁၀ မိနစ် ..
ငုတ်တုတ်ထိုင်နေတဲ့ လူ
အသက်ရှူသံက တောင့်တောင့်တတ
ဆန္ဒဇောတွေလား ရမ္မက်ဇောတွေလား
မရယူနိုင်တာကို ဘေးချိတ်လိုက်
ရှူသွင်းလိုက်…ရှူထုတ်လိုက်
၅ မိနစ် ..၁၀ မိနစ် ..
ရယူခြဲ့ခင်းတွေကရော မြဲလား
ပါးလှပ်လှပ်တွေ့
အလင်းဓာတ်တစ်ခု
မျက်နှာစိမ်းဧည့်သည် နေရောင်ခြည်အလင်း
ကိုယ်တွင်းတစ်နေရာရာကို အလည်လာရင်း……. ။
ကိုယ့်အကြောင်းနဲ့ ကိုယ်
နောက်ပြန်မလှည့်ဖြစ်ခဲ့တဲ့ရက်တွေ
ခြစ်ခြစ်ခြုပ်ခြုပ်စုထားတာ ကတိစကားတစ်ချို့
ဖုန်မပေဘဲ ရွက်ကြွေတောထဲ လမ်းလျှောက်ချင်ခဲ့သူ
ကိုယ့်ကိုကိုယ်ဆွဲထူရင်း
လောင်းရိပ်ကျခံရတာကို ရင်နာမိပြန်တယ် ။
အကောင်းတစ်ချို့အဆိုးတစ်ဝက်
စိမ်ပြေနပြေပဲ ထိုင်ရယ်မိရင်း
ကိုယ့်ကိုကိုယ်ခွာချမိပြန်တာ ခဏ ခဏ ။ ။
ဘယ်သူမှနားမလည်နိုင်အကြောင်းအရာတချို့
ကျွန်တော့်ရင်ဘတ်ကြီးထဲသိုဝှက်
ဆူးတစ်ချောင်းလိုနာကျင်လည်း သည်းခံ
ဘာသာပြန်မရတဲ့ ခံစားချက်များ
တမြေ့မြေ့ပေါ့ လောင်ကျွမ်းရင်း
ပစ်တိုင်းမလွဲဖြစ်နေတဲ့ စွပ်စွဲမှုတွေ
တဖြုတ်ဖြုတ်ပဲ ခြွေချခံနေရတဲ့ နားလည်မှုတွေ
အိုး…တစ်စစီပါပဲ
သိမ်ငယ်မှုတွေ.. စိုးရွံ့မှုတွေ..စိတ်ပျက်မှုတွေ
ကျွန်တော်ကူးခတ်နေရတဲ့မြစ်
အဆုံးသတ်ကမ်းက မမြင်ရသေး
ကိုယ့်ကိုကိုယ်နှစ်သိမ့်ဖို့ စကားလုံးတွေရှာမရဘူး
စာနာမှုဆိုတာ သဲကန္တာရထဲက ရေတစ်ခွက်
မဖြေဆိုရဲခဲ့တဲ့ မေးခွန်းပေါင်းများစွာနဲ့
ဘ၀ဆိုတာ ခရီးသွားအိပ်မက်လို
ရွေးချယ်မှုတွေနောက် လျှောက်လိုက်ရင်း
ရွေးချယ်ခွင့်တွေနောက် ကပ်လိုက်ရင်း
ခလုတ်တိုက်မိတိုင်း အမှားအယွင်းပေါင်းများစွာနဲ့
အခါခါသတ်ပစ်ခံနေရတဲ့ ဘ၀တစ်ခုဟာ နောက်ဆုံး… ။ ။

နင်ငါ့ကိုစိတ်မချပဲ ပြန်သွားခဲ့တယ်
နင့်အိမ်ကိုလည်း နင်စိတ်မချဘူး
(ငါတို့မှာဆပ်စရာအကြွေးတွေလည်းရှိတယ်လေ…)
နင့်မိဘကို စိတ်မချဘူး။ (ဒါကြောင့်)
နင်ပြန်သွားခဲ့တယ်။
ဘုရားပန်းတွေ နင်လဲရမယ်။
ငါကြိုက်တတ်တာလေးတွေ နင်ချက်ကျွေးတတ်တယ်
(နင်ကြိုက်တာချက်ရင်လည်း ငါမညဉ်းညူပါဘူး)
အိမ်ရှေ့က ရေကန်လေးကိုလည်း အမိုးမိုးထားတယ်
ငါတို့မှာ စက်ဘီးလေးတစ်စီးလည်းပိုင်တယ်။
(ငါ့ညီမလေးလည်း နင့်အပေါ်ကောင်းရှာပါတယ်ဟာ..)
မချမ်းသာဘူးဆိုတာ ငြင်းလို့မရပေမယ့်
ငါတို့မဆင်းရဲပါဘူး…ချစ်သူ။
နင်ရော…ငါရော…မျက်လုံးတွေကန်းသွားကြတာလား။
(အဲဒီ့ရထားကြီးက ငါတို့ရင်သွေးလေးကို ကြွေပျက်စေတယ်)
ငါတို့ဆုံးရှုံးရတာနဲ့ ထိုက်တန်ပါရဲ့လား။
အဲဒါနင်တွေးမိသလား….ဟင်။
(အိမ်ပြန်သွားသော ဇနီးချောသို့…)
ယုသာ

ကူညီပေးကြပါ
ငယ်စဉ်ကပင်အတူနေ၊ အတူအိပ်သည်မြေးကလေး မောင်ဝေယံထွဋ်၊ အသက် (၁၃) နှစ်သည်
အလက(၁)တာမွေ၊ ရန်ကုန်တိုင်းဒေသကြီးတွင်သတ္တမတန်း(က) တွင်ပညာသင်ကြားနေပါသည်။
၃.၁၂.၂ဝ၁၁ နေ့(စနေနေ့) နံနက် (၄) နာရီခွဲတွင်လူထုလမ်းလျှောက်ပွဲသို့”ဖိုးဖိုးလမ်းလျှောက်
လိုက်ခဲ့ပါ” ”စောသေးတယ်မလိုက်သေးဘူး” ဟုမြေးနှင့် အဖိုးစကားအပြန်အလှန်ပြောပြီးအတန်း
ပိုင်ဆရာမနှင့် အတူလိုက်ပါသွားခဲ့ပါသည်။
လူထုလမ်းလျှောက်ပွဲမှ ကျောင်းသို့ရောက်ရှိခဲ့ပါသည်။ ကျောင်းအနီးTV Game ဆိုင်တွင်
သူငယ်ချင်းများနှင့် အတူကစားကြသည်။ ယင်းနောက်ပြန်မည်ပြောပြီး၊ နေ့လည် (၁) နာရီခန့်
တွင်အိမ်သို့ပြန်သွားကြောင်းသိရပါသည်။ ယင်းအချိန်မှစပြီးအိမ်သို့ပြန်မလာပျောက်နေပါသည်။
အိမ်နှင့် ကျောင်းသို့ဆိုက္ကားနှင့် သွားပါသည်။ မည်သည့်ဆွေမျိုး၊ သူငယ်ချင်းများဆီသို့
လည်းမသွားဘူးပါ။ ဘယ်မှလည်းမသွားတက်မလာတတ်ပါ၊
မြန်မာ့အလင်းသတင်းစာတွင် ၁၂.၁၂.၂ဝ၁၁ ရက်၊ ၁၉.၁၂.၂ဝ၁၁ ရက်နှင့် ကြေးမုံသတင်းစာတွင် ၁၃.၁၂.၂ဝ၁၁ရက်၊
The hot Newes Weekly တွင် ၃ဝ.၁၂.၂ဝ၁၁ နေ့များတွင်ဖော်ပြပြီးအကူအညီ တောင်းခဲ့ပါသည်။ မြေးကလေးမရှိသည်မှာအချိန်ကာလအား ဖြင့်နှစ်လကျော်နေပါပြီ၊ အဖိုး၊ အဖွားနှင့် အဖေ၊ အမေတို့ပူဆွေး၊ သောကရောက်နေကြပါသည်။ ဗြဟ္မစိုရ်တရားရှေးရှု၍ကူညီ ပေးကြပါရန်အထူးမေတ္တာရပ်ခံအပ်ပါသည်။
ဆက်သွယ်ရန်
မောင်ဝေယံထွဋ်၏အဘိုး ဦးကျော်ဟိုး
(အိမ်) ဝ၁-၅၅၃၆၉၂
ဝ၉-၅ဝ၃ဝ၁၉၃

ရိုးသားခြင်းတွေထမ်းပိုး
ရူးကြောင်ကြောင် လိုက်ဖမ်းမိတယ်
ထောင်ချောက်တစ်ခုလား မတွေးဘူး
ဖြူစင်မှုတွေ စွန်းထင်းပေကျံရင်း
ပလုံစီထ တတွတ်တွတ်ရွတ်ဆိုနေခဲ့တာ
ဒါနောက်ဆုံးပါတဲ့ ။
မျက်ဝန်းကနားထောင်နေဆဲ
တဖြုတ်ဖြုတ်ကြွေကျနေတဲ့ စကားလုံးတွေ
လိုက်ကောက်ဖို့ ယုံကြည်ချက်မရှိပြန်ဘူး ။
ကိုယ့်ကိုကိုယ်စီရင်ဖို့ တွေဝေနေခဲ့ရင်း
ခေါင်းလောင်းထိုးသံမကြားဘူး
တရားဟောဓမ္မသံမကြားဘူး
အသက်ရှုသံတစ်ချို့တစ်ဝက်
ခပ်လေးလေး ပြန်ပစ်ချလိုက်ရတဲ့ခဏ
ဒါနောက်ဆုံးဆိုတာ ယုံကြည်ချင်ခဲ့မိပြီ ။ ။

နွေးထွေးမှုတွေအတွက်
စကားလုံးမရှိဘူး
ဒါပေမယ့် ကောင်းကင်နဲ့အပြည့်
လိုအပ်ခြင်းတွေနဲ့လည်း ချွေးမသိပ်ရက်ခဲ့ဘူး
ကိုယ့်ကိုကိုယ်နားလည်ရင်
ပြောမထွက်ခဲ့တာက
အက်ကွဲရာတွေထပ်နေတဲ့သူ
ကြေမွဖို့အသင့်ပြင်ရင်း
အဆုံးတစ်ခုကို မျှော်ကြည့်မိတယ်
ပြီးတော့..
လက်တွေ့မကျခြင်းတွေရောစပ်ရင်း
ခါးခါးသီးသီးပဲ မျိုချလိုက်ရတဲ့ အမှန်တရားတစ်ခွက်
အဖြစ်အပျက်တွေ အသစ်မဟုတ်ခဲ့ဘူး
ပြီးတော့..
အဖြစ်အပျက်တွေ ဆေးမမီတော့ဘူး ။ ။

အေးမြမြဆောင်းဦး
နိုဝင်ဘာညတစ်ည
ကျွန်တော့်ရဲ့ ဖြစ်တည်ခြင်းတွေ အရာထင်ခဲ့တဲ့ည
ဆယ်စုနှစ်အချို့ ကျော်လွန်ခဲ့ပြီ
ချမ်းစိမ့်စိမ့်လေနု တိုက်ခတ်ဆဲ
သစ်ရွက်ဟောင်းတွေ ကြွေလွင့်မြဲ
ကျွန်တော်လည်း ခရီးတစ်ခုဆက်ဆဲ
ကဗျာဆန်လောက်အောင်တော့ဘ၀ကမရိုးရှင်းဘူး
နိုဝင်ဘာဆောင်းဦး ပြန်ရောက်ခဲ့ပြီ
အသားကျနေတဲ့ ပြောင်းလဲမှုများ
မရိုးနိုင်တဲ့ ဟောင်းနွမ်းမှုများ
တကယ်တမ်းက အသစ်တွေ
အိပ်မက်အသစ် .. သက္ကရာဇ် အသစ်
မိတ်ဆွေအသစ် .. ရန်သူအသစ်
တပ်မက်မှုအသစ် .. အာသာဖြေမှုအသစ်
အသစ်..အသစ်တွေ
ခုရောက်လာတဲ့ ဆောင်းဦးရော
ကြီးရင့်လာတဲ့ ကျွန်တော်ကိုယ်တိုင်ရော
ခုစာဖတ်နေတဲ့ ခင်ဗျားတို့ရော
အသစ်လား..အဟောင်းလား
တစ်ခုတော့ ၀န်ခံပါရစေ
ဒါလဲ မေးခွန်းအသစ်မဟုတ်မှန်း ။ ။